ဂျက်ခ်ပေါ့တ်
ဂျက်ခ်ပေါ့တ်
အဲဒီတုန်းကဆို
ဆောင်း ရဲ့  ကိုယ်လုံးကိုယ်ပေါက်ကို
ကိုယ်သိပ်သဘောကျခဲ့တာပေါ့။
ဂျင်းပန်နဲ့ ဆောင်းက အရမ်းလှတယ်။
ပြန်လာခဲ့ပါ ဆောင်းရယ်...
ဒီခေတ်ကြီးက သိပ္ပံခေတ်ကြီးပဲ။
ဆောင်းကတော့
တက္ကနိုလိုဂျီ ကို သိပ်နားမလည်ဘူး
သူနားလည်တာက
စီးပွားရေးတက္ကသိုလ်နဲ့
သူ့အလုပ်နဲ့
သူ့ ကိုယ်လုံးလှလှ ပေါ်
ပြုတ်ကျလာတဲ့
ပုတ်သင်ညို တစ်ကောင်ကိုပဲ
ဖက်တွယ်ထားတော့တယ်။
ဒေါက်ဖိနပ်လှလှ တစ်ရန်အတွက်
ကိုယ့် ရေတွင်းနက်နက် မတူးချင်တော့ဘူး
ဖုန်းမဆက်နဲ့
အွန်လိုင်းဆိုတာ ဒီခေတ်မှာ
မင်းရောငါရော
အရွယ်မတိုင်ခင်
အနည်ထိုင်ခဲ့ရတဲ့
ပလက်ဖောင်းပဲ။
နွေရာသီ ဖုန်ထတိုင်း
မင်းကိုသတိရတယ်။
မင်းရဲ့ ကိုယ်လုံးလှလှက
ဒေါက်ဖိနပ်နဲ့ ဆိုတော့ ပိုကြွတာပေါ့။
ဟုတ်ပြီ ဆောင်း
အသည်းကွဲတာ
ဆရာမောင်ဆေးနီမှုန့် တစ်ထုပ်နဲ့
မလုံလောက်ဘူး။
မီးပုံပျံဆိုတာ
အချိန်ယူပြီး ပြင်ဆင်ရ
လွှတ်တင်ရ
တချိန်ချိန်တော့
မြေပြင်ပေါ် သက်ဆင်းရတာပ။
ကိုယ်ကတော့
မီးပုံပျံတွေကို ချစ်သလား မချစ်လား
မကွဲပြားဘူး။
အသက်အရွယ်ကြီးရင့်လာလေ
အချစ်အပေါ်ထားတဲ့
အတွေးအမြင်တွေ
ပြောင်းလဲလာလေ။
ဟုတ်ပြီ အဲဒါကို
ကွယ်ဝှက်ပြီးရေးရရင်
နေမြင့်လေ အရူးရင့်လေ
ဆိုတာလား
ဒါမှမဟုတ်
နှလုံးသားထဲ က သက္ကရာဇ် အသားမာတွေက
အရာရာကို လှောင်ရယ် ရယ်တယ် တဲ့လား။
အမုန်းမိုးတွေ ရွာသေးလား
ဟိုသီချင်း ဒီသီချင်းထဲမှာ
ကိုယ့်စိတ်ရှိလက်ရှိ နဲ့
လက်ကြားထဲညှပ်ထားတဲ့ စီးကရက်
တစ်လိပ်လုံး
ဟောဒီညကို အလှူပေးလိုက်တယ်။
သီချင်းတွေကို မြတ်နိုးတယ်
ကဗျာတွေကို ချစ်တယ်ဆိုတာထက်
မင်းကိုယ်လုံးလေးကို
ကိုယ်သိပ်ချစ်တယ်လို့
စာရွက်ပေါ် အစက်ကလေး တစ်စက်
ချလိုက်တယ်။
ရိုးရိုးသားသားပြောရရင်
အဲဒီ အချိန်တွေ တုန်းကဆို
ကိုယ် မပြောဖြစ်လိုက်တဲ့
စကားလေး ရှိသေးရဲ့ 
တောင်းပန်ပါတယ်။
ဒါကို စကားလုပ်ပြောရတာ
အားနာပါတယ်။
စိတ်ကူးထဲမှာ
အတိတ်ကို ဆေးလိပ်လုပ်သောက်ရတာ
အမြဲတမ်းကောင်းတယ်။
ပွတ်ချွန်လေးတစ်လိပ်လို
ကိုယ့်ကိုယ်ကိုလည်း
သိပါရဲ့
ဒီဆေးလိပ်မှာ
ဆေးသားမပါတာကိုလေ။
အချိန်ကာလက
သတိထားကြည့်မိရင်
ခံစားနေဆဲ
သီချင်းတစ်ပုဒ်လို
ဖမ်းဆုပ်မရ။
အစကနေ အဆုံးတိုင်
လက်စွယ်က ငုပ်နေတုန်းပေါ့
ဒါဆိုပဲ
လွန်ရောကျွံရော
လေပြေလေး တိုးတိုက်ရုံလေးသာ
ခေတ်ပေါ် ကြော်ငြာလေးတစ်ခုလို
့ထုတ်ကုန်လေးကို
လှစ်ဟ ပြခဲ့တယ်။
ကျော်ညိုသွေး
Comments