မျင့်မောင် နဲ့ တွေ့စ က အကြောင်း

မျင့်မောင် နဲ့ တွေ့စ က အကြောင်း



လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့တော့
အလုပ်က ရပ်တည်မှု တစ်ခု လို ပြော
လူမှုရေး စတေးတပ်စ်မှာတော့
အလုပ်က ၀ါသနာ ၊ အနစ်နာ ၊ ကိုယ့် နှစ်မြုပ်မှု လိုလို
နာမည် ၊ အလုပ်အကိုင်နဲ့ စိတ်ဧ။် စေရာ များများ
သတင်းလိုလို ၊ သီချင်းလိုလို
အရှေ့အနောက် တောင် မြောက် တိုင်းမှာ ကြားနေရတဲ့
ခြေသံများ နဲ့ ကခုန်နေခြင်း။

သစ်တစ်ပင်က ဟိုက်ဒရိုဂျင်လို သက်ပြင်းတွေ
မှုတ်ထုတ်လိုက်တယ်…
အောက်စီဂျင်လို ခက်ခဲ ခဲ့တဲ့ စိမ်းလန်းခြင်းတွေထဲ
ပိုက်ဆံ ၊ ငွေကြေး က လောင်ကျွမ်းလွယ်တယ်…
ကွမ်းတရာ ညက်ခန့် ကြာတဲ့ အခါ
ရှောင်ထား ရှားထားရတဲ့ စကားလုံးတွေ ၊ အဓိပ္ပါယ်တွေ
စာကြောင်းတွေ ၊ မင်းနဲ့ငါ နဲ့ သူငယ်ချင်း ဖြစ်ကြောင်းကုန်စင်
ခံစားမှုတွေ ၊ ငယ်ဘ၀ တမ်းတတဲ့ သီချင်းတွေ
အချစ်ရေ….လို့ အော်ချင်တဲ့ အရက်နာကျသံတွေ
အခုတော့ ခေတ်ပြိုင်ကဗျာ လမ်းကြောင်းပေါ် တက်မရမှာ စိုးစိတ်နဲ့
သံဖိနပ်ကြီးစီးနေမိပေါ့။

အဆင်မပြေလည်း ပျော်အောင်နေပါ တင်မောင်မျင့်
ယရစ်ကို ယပင့် ပြောင်းလိုက်တိုင်း
မင်းကျေနပ်တယ်ဆို လုပ်ပါ သူငယ်ချင်း
ပျော်နေတယ်ဆိုလည်း စိတ်ပျက်လက်ပျက် သီချင်းကိုဆို
မင်းကြိုက်တဲ့ Jazz တွေထဲ အရက်တွေ ရောထားတဲ့
ကော့တ်တေး တစ်ခွက်နဲ့။

မင့် ကလေးကို ကျောင်းထားပြီးရင်
မင်းပျော်မှာလား သူငယ်ချင်း
ပန်းနာ အခံရှိတဲ့ မင်းက တာမွေက
လက်ဖက်ရည် ကောင်းကောင်း ကို
ဓါတ်စာလို သောက်သုံးသင့်သလား။

မင်းဖွာလိုက်တဲ့ တစ်ရာဖိုးသုံးလိပ် ရှမ်းဒေါင်းဖက်လိပ်ထဲ
ခေတ်ကြီးရဲ့ နီကိုတင်တွေ အဆုတ်ထဲ ၀င်သွားတော့
မင်းစိတ်လှုပ်ရှားတာတွေ နည်းနည်း ငြိမ်သွားမယ်။


ကိုယ်လိုရာကို ဝေ့သွား ၀ိုက်သွား
မင်းစီးထားတဲ့ ဖိနပ်သဲကြိုးမှာ ခံနိုင်ရည်ရှိသလောက်ပေါ့။

မင်းက ယပင့် တင်မောင်မျင့်
ယရစ် တင်မောင်မြင့် နဲ့ တွေ့တဲ့ အခါ
ဘယ်သူက ပိုပြီးမြင့်သလဲ
စိတ်ချ သူက ပိုမြင့်တာပေါ့ သူငယ်ချင်း။

မင့် ကလေး ကျောင်းပြန်ချိန်
မင့်ကလေး ကျောင်းသွားချိန်
မင်း အိမ်က ထွက်သွားချိန်
မင်း အိမ်ပြန်လာချိန်တွေတိုင်းပေါ့
မင်းတွေ့တဲ့ လမ်းမီးတိုင်မှာ
ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပြောတဲ့စကားတွေ
လင်းထိန်နေပြီလေ။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး