မျက်နှာဖုံးပန်းချီ


မျက်နှာဖုံးပန်းချီ



နွေပန်းချီတစ်ချပ်ထဲက စိန်ပန်းနီတွေလို
ဘုတ်ဘုတ် ဟာ ရဲတွတ်ခဲ့ဖူးတာပေါ့။

အခုတော့…
ဘုတ်ဘုတ်ဟာ စပါးခွံတွေနဲ့ ရေခဲကို ရေဆေးနေတာ
ပြောင်ကို မပြောင်နိုင်ဘူး။
သူ့ရဲ့ ညိုညစ်ညစ်နှုတ်ခမ်းသား ဘေးက
ချောကလက်ရောင် အသားအရည် ကတော့ အိုးဘရန်ဒီ တစ်ခွက်လို။

မြင်ရတဲ့ မြင်ကွင်းဟာ
ချောကလက်တွင်းထဲ မြေပဲတွေ ပြုတ်ကျနေသလိုမျိုး
နို့တွေဟာ မလိုင်အပြည့်နဲ့ မိုးပြဲဒယ်ထဲမှာ ဆူပွက်နေသလိုမျိုး
လက်ဖက်ရည် ငတ်နေတဲ့ နေ့စားအလုပ်သမားဟာ
စားပွဲထိုးလေး လက်ထဲက လက်ဖက်ရည်ခွက်ကို
ဝေးရာကနေနီးလာလို့ တမ်းတမ်းတတ လှမ်းယူလိုက်တဲ့အခါ
လက်ဖက်ရည်ညိုညိုတွေ ဘောင်ဘင်ခတ်နေသလိုမျိုး။

မှည့်နေတဲ့ စပျစ်သီး ကို ချဉ်တယ်လို့
ပြောရင်လည်း စပျစ်သီးက သူရဲ့ တင်းရင်းမှု နဲ့ ရသကို
ရွဲလို့ ပဲ့ ကျနေတဲ့ အထိ လားရာဆီ စုန်ဆင်းလို့
ဒီလိုနဲ့…
နွေပန်းချီတစ်ချပ်ထဲက စိန်ပန်းနီတွေလို
ဘုတ်ဘုတ် ဟာ ရဲတွတ်ခဲ့ဖူးတာပေါ့။

စပါယ်ရာဟာ…
ဝါးလက်စ နိုင်တီတူး တံတွေးကို လမ်းမပေါ်
“ပျစ်” ခနဲ ရှေ့သွာနှစ်ဘက် စေ့လို့ သပ်သပ်ရပ်ရပ် ထွေးချလိုက်တယ်။
ရဲခနဲပဲ။

အလိုက်ကမ်းဆိုးမသိ
ခွေးမ ခါးပေါ် လက်နှစ်ဘက် နဲ့ ရုတ်တရက် တက်ဖို့ကြံနေတဲ့
ခွေးဇာတ်လမ်း ကို ဘုတ်ဘုတ်ဟာ ကန့်လန့်ကာ ချလိုက်ပြီး
စိတ်ရှုပ်စွာနဲ့
မြီးညောင့်ရိုးက ရဲမက်တွေရဲ့ ကဆုန်စိုင်းနေမှု ကို
လက်ခလယ် နဲ့ ဖြေရှင်းလိုက်တယ်။



နွေပန်းချီတစ်ချပ်ထဲက ဗာဓံရွက် အရင့်လို
ဘုတ်ဘုတ်ဟာ ရဲတွတ်နီစွေး ခဲ့ဖူးတာပေါ့။

ဖြတ်သွားတဲ့ ထီသည်ရဲ့ သီချင်းသံနဲ့ အတူ
ဘုတ်ဘုတ်ဟာ အပြေးအလွှားပဲ ကလေးကို မချီ လိုက်ပြီး
မြင့်မိုရ်တောင်ဆီ လက်လှမ်းလိုက်တယ်။
ဟောလီးဝုဒ် ဇာတ်လမ်းထဲက အင်ဂျလီနာဂျိုလီဟာ
မျက်စိရှေ့မှာတင် ချက်ချင်းပဲ အငွေ့ပျံပျောက်ကွယ်သွားတော့တာရယ်။




ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး