မျဉ်း ပြိုင်များ ဧ။် အဓိပ္ပာယ်

မျဉ်း ပြိုင်များ ဧ။် အဓိပ္ပာယ်



မြို့တစ်မြို့မှာ ကျူရှင်တွေ အများကြီး ရှိတယ်။ အဲဒီ အထဲမှာ မှ ရပ်ကွက်တစ်ခုရဲ့ လမ်းထိပ် ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်း ထောင့်တစ်ခုစီမှာ ကျူရှင်ဆရာ နှစ်ဦးက ကိုယ်ပိုင် ကျူရှင်ကျောင်း ထောင်ထားကြတယ်။ ကျောင်းသားတွေကတော့ ကိုယ်ကြိုက်တဲ့ ၊ ကိုယ်သဘောကျတဲ့ ဆရာဆီမှာ တက်ကြတာပါပဲ။ ဒါပေမယ့် ဆရာ နှစ်ယောက်က တစ်ယောက် နဲ့ တစ်ယောက်က သိပ်ပြီး အစေးကပ်ကြပုံ မပေါ်ပါဘူး။ ကျူရှင် ချင်းကလည်း ကပ်လျှက်  ၊ ကျောင်းသားတွေကလည်း ဟိုဘက်ကျူရှင် နဲ့ ဒီဘက် ကျူရှင် အရေအတွက် အတူတူပဲ ဆိုတော့က အပြိုင်အဆိုင်လို ဖြစ်နေတာပေါ့။

          အဲဒီလို အပြိုင်အဆိုင် ဖြစ်တာနဲ့အမျှ တစ်ဘက်က ကျူရှင်ဆရာကတော့ အေးအေးဆေးဆေး လို့ ဘေးက အမြင်နဲ့ သိရတယ်။ ဒါပေမယ့် အခြားတစ်ဘက်က ဆရာကတော့ ဟိုဆရာနဲ့ အပြိုင်အဆိုင် ဖြစ်တာ သိပ်သိသာပါတယ်။ ကျောင်းသားတွေ ရှေ့မှာ ဟိုဘက်က ဆရာနဲ့ သူနဲ့ အပြိုင်အဆိုင် ဖြစ်တာ သိသာစေတဲ့ အကြောင်းတွေ စာသင်ရင်းနဲ့ ပြောတာ မျိုးရှိတယ်။ ဟိုဘက်က ဆရာက သူနဲ့ အပြိုင် ငယ်ငယ်လေး ကတည်းက ပြိုင်ဘက် တွေ ဖြစ်တဲ့ အကြောင်း တွေ က အပြောတွေ နဲ့ သိသာစေတယ်။

          တစ်ခါတစ်လေဆိုရင် သူနဲ့ အခြားတစ်ဘက်က ဆရာ နဲ့ အပြိုင်အဆိုင် ဖြစ်လာတာဟာ ဟိုဘက်က ဆရာက သူ့ကို လိုက်ပြိုင်နေတာ ဖြစ်ကြောင်း ကို သိသိသာသာ ပြောတာ မျိုးတွေ အထိရှိတယ်။ နောက်ပြီး သူ့ကျောင်းက တစ်ဘက်က ဆရာရဲ့ ကျောင်းထက် သာကြောင်း ကျောင်းသားတွေကို စေတနာထားကြောင်းတွေကို ကျောင်းသားတွေ ရှေ့မှာ ပြောသလို သူ့ကျောင်းက ဘယ်လိုကောင်းကျောင်း နဲ့ ဘယ်လို သာလွန်ကြောင်းတွေ ကို တစ်ဘက်က ဆရာထက်သာအောင် ဆိုင်းဘုတ်တွေ ထောင် ပြီး ပြိုင်တာမျိုးတောင် ရှိတယ်။

          ဒီလို ကျူရှင် ကျောင်းတွေမှ မဟုတ်ပါဘူး။ စီးပွားရေး လုပ်ငန်းတွေ မှာလည်း တစ်ဘက် နဲ့ တစ်ဘက် သာအောင် အစွမ်းကုန် ကြိုးစား ကြတာမျိုးတွေက ရှိတာပါပဲ။ တကယ်တမ်းတော့ ပြိုင်တယ် ဆိုတာထက် မိမိတို့ လုပ်ငန်းတွေပိုပြီး ပြောင်မြောက် လာအောင် စွမ်းဆောင်ကြရတာပဲ မဟုတ်လား။ ဒါမှသာ မိမိတို့ အကျိုးအမြတ်အတွက် အခွင့်အလမ်းတွေက ပိုမိုလာမှာပါ။

          စီးပွားရေး လုပ်ငန်းတွေ တိုင်း မိမိတို့ လုပ်ငန်းတွေ နဲ့ အမျိုးအစားတူရင် တစ်ဘက် လုပ်ငန်းထက် သာလွန် ကောင်းမွန်အောင် ကြိုးစား ကြရတာ ချည်းပါပဲ။ ဒါပေမယ့် သူများကို ကြည့်ပြီး အမြဲတမ်း တိုက်ခိုက်တာမျိုးတွေ လုပ်ရင်း ပြိုင်တဲ့ အခါ ရရှိလာမယ့် အကျိုးထက် အပြစ်က ပိုများ နေမှာပါ။ အဲဒီလို ပြိုင်ဆိုင်မှုမျိုးမှာ ကိုယ်ကိုယ်တိုင်က သူများတွေကို အမြဲတိုင်း အာရုံစိုက် အချောင်ကွက် ၊ ပျော့ကွက် ကို ရှာနေရလို့ အင်အား တစ်ခါ ကုန်ပါတယ်။ နောက်ပြီး ကိုယ့်လုပ်ငန်း အတွက် အာရုံစိုက်ရလို့လည်း အင်အား တစ်ခါ ကုန်ပါတယ်။ မတော်ရင် သူများတွေကို အာရုံစိုက် လွန်ခဲ့လို့ ကိုယ့်အတွက် ပျော့ကွက် ဖြစ်ပြီး ဆုံးရှုံးနစ်နာမှုတွေ လည်း ကြုံတတ်ပါသေးရဲ့။

          ပြိုင်တဲ့ ကိစ္စတွေ ကတော့ ရပ်ကွက်တွေမှာ အိမ်အချင်းချင်း ပြိုင်တာမျိုးတွေကို တွေ့ဖူးကြသလို ၊ ကျောင်းမှာ ကျောင်းသား အချင်းချင်း ပြိုင်တာတွေ ၊ ရုံးမှာ ရုံးဝန်ထမ်း အချင်းချင်း ပြိုင်ကြတာမျိုးတွေ ကိုလည်း ပတ်ဝန်းကျင်မှာ တွေ့ဖူးကြမှာပါ။ တကယ်တမ်းတော့ အချင်းချင်းသာ ပြိုင်တာ ၊ အလုပ်တိုးတက်ဖို့ထက် တစ်ယောက် ထက် တစ်ယောက်က ကိုယ့်ကို လူကြီးက မျက်နှာသာ ပေးဖို့ အပေါ်ယံပြိုင်ကြတာ မျိုးက များပြီး ကိုယ့်လုပ်ငန်းနဲ့ ကိုယ့် ဌာန အလုပ်ခွင် သာယာဖို့ အလုပ်ကြိုးစားတာ ကို ပြိုင်ကြတာက ရှာမှ ရှားပါပဲ။ လုပ်ငန်းခွင်အတွင်း မှာ မှားယွင်းတဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေပြီဆိုရင် လုပ်ငန်းရဲ့ တိုးတက်မှု အလားအလာ က မကောင်းတော့ပါဘူး။

          တချို့တွေ ဆိုရင် အပြိုင်အဆိုင် ပြုလုပ်ရတာ ကို သိပ်ပြီး ၀ါသနာပါကြတာ မျိုး ရှိပါတယ်။ ကျောင်းတွေ မှာဆိုရင်လည်း ကျောင်းသား အချင်းချင်း၊ ကျောင်းသူ အချင်းချင်း ပြိုင်ကြတယ်။ တချို့ကတော့ အတွဲလိုက် နှစ်ယောက်လုံးက ပြိုင်ချင်လို့ ပြိုင်မယ် ဆိုပြီး ပြိုင်ကြတာပေမယ့်။ တချို့ကတော့ အဲဒီလို မဟုတ်ပါဘူး။  တစ်ယောက်ယောက် ကို နောက်တစ်ယောက်က အတင်းလိုက်ပြီး ပြိုင်နေတော့တာပါပဲ။ ဒါပေမယ့် အဲဒီလို နောက်က လိုက်ပြီး ပြိုင်နေတဲ့ သူမျိုးဆိုရင် ၊ သူက လိုက်ပြီးပြိုင်နေတယ်ဆိုတာကို အပြိုင်ခံရတဲ့ သူကို မသိစေချင်ပါဘူး။ တကယ်လို့ သိများ သိသွားလို့ကတော့ မခေါ်မပြော ဖြစ်တာမျိုးတွေ တောင် ရှိတတ်ပါသေးတယ်။

          ပြိုင်တာမှာ မိန်းကလေး အချင်းချင်း ပြိုင်တာ အပြင် ယောက်ျားလေး အချင်းချင်းပြိုင်နေကြပြီ ဆိုတာမျိုးလည်း ရှိတတ်ပါတယ်။ ယောက်ျား တစ်ယောက် ကို အခြား ယောက်ျား တစ်ယောက်က လိုက်ပြီး ပြိုင်နေပြီဆိုရင် အဲဒီဆိုရင် သိပ်ကို အရုပ်ဆိုးပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကို အခြား တစ်ယောက်ယောက် က လိုက်ပြီး ပြိုင်နေတာ မျိုးက သိပ်ကို အရုပ်ဆိုးပြီး တစ်ခါတစ်လေမှာ ဘယ်လိုမှ နားလည်လို့မရတဲ့ ကိစ္စပါပဲ။ လူတစ်ယောက်က တခြားလူတစ်ယောက် ရဲ့ မြင့်မားတဲ့ အခြေအနေကို အားကျပြီး သူ့လို ဖြစ်အောင် သူ့ထက်သာအောင် ကြိုးစားတာဟာ နားလည်လို့ ရတဲ့ ကိစ္စပေမယ့်။ အဆင်ပြေနေတဲ့ ဘ၀ပိုင်ရှင်ကို ပြုတ်ကျအောင် လုပ်ပြီးမှ ကိုယ်က အောင်မြင်မှု ရအောင်လုပ်တာကတော့ ကောင်းမွန်တဲ့ စရိုက်တစ်ခု မဟုတ်တော့ပါဘူး။ ဒါဟာ မနာလိုစိတ်ကို အရင်းခံတဲ့ သမာသမတ်မကျ တဲ့ တုပြိုင်မှု ဖြစ်လာပါပြီ။


          တစ်ယောက်ယောက်က တော်နေ ၊ တတ်နေ ၊ အဆင်ပြေချောမွေ့ နေပြီး ၊ အများ ရဲ့ အသိအမှတ်ပြု ခံနေရပြီဆိုရင် နောက်တစ်ယောက်က မနာလိုပြီး လိုက်ပြိုင်နေတာမျိုးတွေကို ရုပ်ရှင်တွေ ထဲမှာ တင်မက အပြင်မှာလည်း တွေ့ဖူးကြမှာပါ။ ဒါဟာ မနာလို ဖြစ်တာလို့ ယူဆရရုံကလွဲလို့ ဘယ်လိုမှ နားလည်လို့ မရတဲ့ ကိစ္စဆိုတာ အပြိုင်ခံရတဲ့ သူတိုင်း ခံစားဖူးကြမှာပါပဲ။ ရုပ်ရှင်ထဲမှာ ဆိုရင်တော့ အဲဒီလို သူတပါးကို လိုက်ပြီး ပြိုင်နေတဲ့ ကာရိုက်တာဟာ ပုံမှန်စိတ်မရှိတဲ့ ကာရိုက်တာ အဖြစ် ဇာတ်လမ်းကို ဖန်တီး ထားတာကို တွေ့ရမှာပါ။ သူ့မှာ စိတ်ဒါဏ်ရာ တစ်ခု သူ့ မသိစိတ်ထဲမှာ နစ်မြုပ် ကွယ်လျှိုးနေတာကို ဇာတ်လမ်းမှာ ထည့်သွင်းဖန်တီးလေ့ရှိပါတယ်။

          တဘက်သားက မပြိုင်ပဲ နောက်တစ်ယောက်က လိုက်ပြိုင်နေတာဆိုရင် အဲဒီလို လိုက်ပြီး ပြိုင်တဲ့ သူက တစ်ဘက်သားကို ဘယ်လို မြင်နေ တာလဲ? တချို့ က ကိုယ့်ကိုယ်ကို မမြင်ပဲ ကိုယ်က လိုက်ပြိုင်တာက သိပ်ပြီး သိသာလွန်းနေတယ်၊ ဘေးအမြင်မှာ ကြည့်ရဆိုးနေတယ်၊ နားလည်ရခက်နေမယ်ဆိုတာကို မမြင်ကြဘူး ဖြစ်နေကြပါတယ်။

          အဲဒီလို တစ်ဘက်သားကို လိုက်ပြိုင်တဲ့ သူမျိုးတွေဟာ ကိုယ်က လိုက်ပြိုင်တဲ့ သူက ကိုယ့်ကို မပြိုင်လေ။ သူက လိုက်ပြိုင်လေ ၊ သူက လိုက်ပြိုင်လေလေ ဟိုတစ်ဘက်သားက အေးအေးဆေးဆေး ဖြစ်လေ။ အဲဒီလို အေးဆေး ဖြစ်လေ လိုက်ပြီးပြိုင်တဲ့ သူက မခံချိမခံသာ ဖြစ်နေတတ်ကြပါတယ်။

          တစ်ခါတစ်လေမှာ အပြိုင်ခံရတဲ့ သူက အရွဲ့တိုက် တတ် ၊ ရွတ် တတ်တဲ့ သူမျိုးဆိုရင် သူ့ကို လိုက်ပြိုင်တဲ့ သူကို ပြန်ပြီး ပြိုင်နေသလိုမျိုး ပုံစံလုပ်ပြပြီး ဟာသ လုပ်ပစ်ပါတယ်။ အဲဒါနဲ့ပဲ လိုက်ပြိုင်တဲ့ သူက မကျေမနပ်ဖြစ် ၊ မကျေမနပ်ဖြစ်တော့ ပိုပြီးပြိုင် ၊ ဒါနဲ့ပဲ သံသရာ လည်နေပါတော့တယ်။

          ကိုယ်ပိုင် အယူအဆအရ ဆိုရင်တော့ အဲဒီလို လိုက်ပြီး အသားလွတ်ပြိုင်နေတဲ့ သူမျိုးတွေကို နားလည်ရခက်တဲ့ ၊ ထူးဆန်းတဲ့လူတွေ အဖြစ်နဲ့ ယူဆပြီး ဝေးဝေးက ရှောင်ပါတယ်။ ကိုယ်နဲ့ ခင်တဲ့  မိတ်ဆွေ သူငယ်ချင်းတွေ ထဲမှာလည်း ဒီလိုမျိုး လူတွေ ကိုမရှိစေချင်သို အဲဒီလို ထူးဆန်းတဲ့ လူတွေ အဖြစ်လည်း မဖြစ်စေချင်ပါဘူး။

          ပြိုင်တယ်ဆိုတာက တရားဝင်ပြိုင်တာမျိုးနဲ့ ၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရှိနဲ့ ရည်ရွယ်ချက် တစ်ခုရောက်အောင် ကောင်းမွန်တဲ့ စိတ်နဲ့ ပြိုင်တာမျိုး ကလွဲရင် ဒါဟာ အားကစားစိတ်နဲ့ ပြိုင်တာမျိုးမဟုတ်ပဲ တစ်ဘက်သား ၊ သူတပါးကို ရှုံးနိမ့်သွားအောင် လုပ်တာမျိုးတွေ ၊ ဘ၀ပျက်သွားအောင် လုပ်တာမျိုးတွေ အထိ ဖြစ်လာနိုင်ပါတယ်။
          လူတစ်ချို့ရဲ့ လွဲမှားတဲ့ အယူအဆ တစ်ခု ရှိပါတယ်။ “အပြိုင်အဆိုင် ရှိမှ တိုးတက်မှာပေါ့”  ဆိုတဲ့ စကားပါပဲ။ အဲဒီစကားက ဘယ်လိုလူမျိုးတွေ ပြောတတ်တဲ့ စကားလဲ ဆိုတော့ ကိုယ့်ဘ၀ရဲ့ ဆန္ဒ နဲ့ ကိုယ့်ရဲ့ မွေးရာပါ ပါရမီ(Talent) ကို စီမံခန့်ခွဲမှု မလုပ်တတ်တဲ့ လူတွေရဲ့စကားပါပဲ။

          စဉ်း စား ကြည့်ပါ။ ကိုယ်က လိုက်ပြိုင်နေပေမယ့် သူက မပြိုင်ရင် သူဟာ ကိုယ့်ပြိုင်ဘက် ဖြစ်မလာနိုင်ပါဘူး။ အဓိက က ကိုယ့်ဘ၀မှာ အောင်မြင်ချင်ရင် ကိုယ့်လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းပြီး ၊ လိုအပ်ဆန္ဒက ဘာကို ပြင်းပြင်းထန်ထန် တောင့်တသလဲ ဆိုတာ ကိုယ်တိုင် သိရပါမယ်။ အဲဒီလိုသိပြီး ကိုယ်တိုင် အကောင်းဆုံး ကြိုးစားမှ ကိုယ်လိုချင်တဲ့ ပန်းတိုင် (သို့) ကိုယ့် လိုအင်တွေကို ရရှိပိုင်ဆိုင်နိုင်မယ် လို့ ယူဆပါတယ်။ ကိုယ့်ရဲ့ ပြင်းထန်တဲ့ ဆန္ဒ(Passion) ကို ကိုယ်တိုင် ပုံသွင်းဖော်ဆောင် ဖို့ပဲ လိုပါတယ်။

          ကိုယ်ဖြစ်ချင်တာကတော့ ဘာမှန်းမသိပဲ သူများကိုလိုက်ပြိုင်နေရင် နှစ်ဆ ပင်ပန်းပါမယ်။ တစ်ရက်စာ အဆင်ပြေချင်ရင် တစ်ရက်စာ အဆင်ပြေစေဖို့အတွက် စွမ်းဆောင် ၊ တစ်ပတ်စာ အဆင်ပြေချင်ရင် တစ်ပတ်စာ ပုံသွင်း ပြီးဖော်ဆောင်ရမှာပါ။ ကိုယ့်လမ်းကို ကိုယ်ရွေး ကိုယ့်လမ်းကိုယ် အာရုံစူးစိုက်ပြီးလျှောက်ရင် ကြိုးစားမှုရဲ့ ရလာဒ်က ကိုယ်စွမ်းဆောင်ခဲ့သလောက် ပြန်ရမှာပါ။

          အပြိုင်အဆိုင်ရှိမှ တိုးတက်မယ်ဆိုရင် အက်ဒီဆင် တို့ ၊ လင်ကွန်းတို့ ဆိုတာ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ သူတို့မှာ ပြိုင်ဘက်တွေ ဆိုတာမရှိပါဘူး။ သူတို့ရဲ့ ပြင်းထန်တဲ့ Passion ကြောင့်သာ သူတို့ဟာ သူတို့ဘ၀မှာ အောင်မြင် ပေါက်မြောက်သူ တွေဖြစ်လာကြတာပါ။



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး