ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ချောကလက် အက်ဆေး

ချောကလက် အက်ဆေး




၂၄၃ ကို လှည်းတန်းရောက်အောင် ဒရိုင်ဘာကအမြန် မောင်းလာ ခဲ့တာ ။ ဒီကနေ့ လှည်းတန်း လမ်းဆုံကစပြီး ပြည်လမ်းတစ်လျှောက် လမ်းတွေ ပိတ်ထားမယ်လို့ ရုပ်မြင်သံကြားကနေ ကြေငြာ ထားပြီးသား။ တခြားကားတွေ ကို့လို့ ကန့်လန့် လုပ်ရင်တောင် “လမ်းပိတ်တော့မယ်။ မင်းတို့ကြောင့် လမ်းပိတ်တော့မှာပဲ။” လို့     ဆဲ ဆိုပြီး ၊ အော်ပြီး အမြန်မောင်းတာ ။ သူလည်း လှည်းတန်းပွိုင့် ကိုလမ်းပိတ်တာ လွတ်မယ်ထင်ပြီး ၀င်လာခဲ့လိုက်တာ။ လှည်းတန်းရောက်တော့ မှ လမ်းက ပိတ်နေပြီ။ “အစကတည်းက ဆင်ရေတွင်းဘက်က နေ အောက်ဘက်ကို ဆင်းပြီး မောင်းခဲ့ ရင် အကောင်းသား” လို့ ဒရိုင်ဘာက ညည်းတယ်။ ကားပေါ်ကလူတွေ လည်း အောက် ကို ဆင်းလျှောက်တာနဲ့ ကိုယ်လည်း လိုက်ပြီး ဆင်းလျှောက်တယ်။

လှည်းတန်းက နေ မြေနီ ကုန်းအထိ လမ်းလျှောက် လာလိုက်တာ အခါတိုင်း ဒီပြည်လမ်းမကြီးပေါ်မှာ ကားတွေ သိပ်ကို ရှုပ်ထွေးများပြားနေခဲ့ပေမယ့် ဒီနေ့တော့ ကားတစ်စီးမှ မရှိ။ ဟိုးရှေ့က လူသုံးလေးယောက် ကင်မရာကိုင်ပြီး လျှောက်လာရင်း ကိုယ့်ရှေ့နားလေးအရောက်မှာ သူတို့အချင်းချင်းပြောသံကိုကြားရတယ်။ “ကားတစ်စီးမှ မရှိတဲ့ ပြည်လမ်း ဆိုပြီး ဓါတ်ပုံပြိုင်ပွဲ ၀င်မယ်”  ဆိုလားပဲ။ ဒါကို ကြားသွားတဲ့ ဘေးနားက မနက်ခင်းရုံးအမှီပြေးနေရပေမယ့်၊ ရုံးမမှီတော့တဲ့ အစ်မကြီး သုံးလေးယောက်က ကြားပြီး ရယ်နေကြတယ်။ ဒီလိုနဲ့ ဟိုနားစုစု ဒီနားစုစု နဲ့ ကင်မရာတွေ ကိုင်ပြီး လမ်းဆုံလမ်းဂွ တွေမှာ မိုးတိုးမတ်တပ်ဖြစ်နေကြတဲ့ လူအုပ်တွေ ကြားထဲ ကိုယ်ကတော့ ဆမ်မ်ဆောင်းဂလက်ဆီဝိုင် ဖုန်းလေးထဲထည့်ထားတဲ့ မန္တလေးသိန်းဇော်ရဲ့ “ချစ်ပြုံးနှင်းဆီ” နဲ့ “မိုးသက်လေနှင်” သီချင်းတွေအဖော်ပြုပြီး မြေနီကုန်း ရောက်မှန်းမသိ ရောက်ခဲတယ်။  မြေနီကုန်း ရောက်လည်း ရောက်ရော ကိုယ့်အတွက် အခက် တွေ့တာပဲ။ အမှန်တော့ ကိုယ်က ဘယ်လောက်ပဲ ဝေးဝေး ဒီနေ့တော့ ကားစီးလို့ မရတော့ဘူး။ ကားလည်း ဒီလမ်းဘက်ကနေ သွားဖို့က နေ့ခင်းပိုင်းမှာ မရှိလောက် ဘူးဆိုတော့ ရုံးရောက်တဲ့ အထိ လျှောက်မလို့ပါပဲ။ မြေနီကုန်း ဒုတိယ မီးပွိုင့် ရောက်တော့ ဟိုဘက်ကို သွားလို့ မရဘူး တဲ့ လမ်း ပိတ်ထားတယ်တဲ့။ရဲကပြောတယ်။ဘယ်လိုလုပ်ရပါ့မလဲတွေးတော့အဖြေမရဘူး။



အိမ်က ပိုက်ဆံ တစ်ထောင်ပါတာ က မုန့်ဟင်းခါး -၃၀၀ ၊ ပီကေ - ၂၀၀ ၊ ကားခ - ၂၀၀ ပြီးတော့ ၃၀၀ ပဲ ကျန်တော့တယ် လေ။ မြေနီကုန်းမှာ မတ်တပ်ရပ်နေတာ တော်တော် ကြာတယ်။ ရေကလည်း ငတ်လာပြီ၊ စိတ်ကလည်း လေလာပြီ။ အောက်ဘက် ကို ဆင်းဖို့ ကြည့်လိုက်တော့ လမ်းကလည်း အရှည်ကြီး ရေတစ်ဗူးဝယ်သောက်ပြီး၊ ကွမ်းတစ်ရာဖိုး ၀ယ်စားပြီးတော့ ပိုက်ဆံ မရှိတော့ဘူး။
ဒါနဲ့ ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားတယ်...

" ဒီပုံအတိုင်းနဲ့ သာဆို မင်း ဒီနေ့ အစာငတ်ပြီး သေသွားနိုင်တယ်။ ပိုက်ဆံ ကလည်း တစ်ပြားမှ မရှိတော့ဘူး။ မင်းဘာလုပ်မလဲ။"


ဘယ်လိုနည်းနဲ့ ပဲဖြစ်ဖြစ် ၊ ရုံးကို ရောက်ဖို့က လမ်းပဲလျှောက်ရမှာ။ လမ်းလျှောက်ရင် ချွေးထွက် ၊ အားကုန် ဦးမယ်။ ဘယ်သူ့ကို ဖုန်းဆက် ပြီး ပိုက်ဆံ ချေးရမလဲ။ သူငယ်ချင်း ကို ဖုန်းဆက်ဖို့ စဉ်းစားပေမယ့်။ ဒီလို ပုံမျိုးနဲ့ ဆို သူလည်း မြေနီကုန်းကို လာဖို့ မလွယ်ဘူး။ အနီးအနားလည်း အသိက ဘယ်သူမှ မရှိဘူး။ လမ်းဘေးက တစ်ယောက်ယောက် ကို အကူအညီတောင်းရင် ကောင်းမလား ခပ်ရွဲ့ရွဲ့ တွေးမိသေးတယ်။ တခြား လူတွေ အဲဒီလိုမျိုး လမ်းစရိတ်မရှိလို့ ဆိုပြီး အကြံအဖန် လုပ်ပြီး ပိုက်ဆံ တောင်းတာမျိုး အမှတ်ရမိတယ်။ ဒါပေမယ့် ကိုယ် က တစ်ကယ် အခက်အခဲ ဖြစ်တာ။ ကိုယ့် အဖြစ်ကို တွေးမိတော့ ရယ်ချင်စရာ


ဒါနဲ့ မြေနီကုန်းမှာ ရပ်ပြီး စဉ်းစားလို့ မရတာနဲ့ အောက်ဘက်ကို သွားဖို့ စမ်းချောင်းဘက် သွားတဲ့ လမ်းအတိုင်း ဆင်းသွားတယ်။ မနောရမ္မ ကျောင်း သွားတဲ့ ဘက်လေ။ အဲဒီလို သွားနေရင်း။ သတိတစ်ခုရတယ်။ အဲဒီဂျာနယ်တိုက်မှာ မှာ စာမူပါထားတာ သွားထုတ်တိုင်း ရုံးပိတ်ထားတာနဲ့ တိုးတယ်။ ဒီနေ့တော့ မန်းဒေး ပဲ ရုံးဖွင့် လောက်တယ်။ တလောက စာမူခ ထုတ်တုန်းက လည်း မန်းဒေး ပဲဆိုတာ သတိရပြီး ၊ ကျွန်းရွှေဝါ လမ်းဘက် လာခဲ့တယ်။ အဆင်ပြေပါတယ်။ အမှတ်စဉ် - ၇ မှာ ပါတဲ့ စာမူအတွက်။ စာမူခ ရလာတယ်။ ဒါနဲ့ အဲဒီလမ်းထဲက ထွက်လာပြီး မနေရမ္မ ကျောင်း ရှိတဲ့ လမ်းပေါ်ရောက်တော့မှ။ လှည့်ပတ် ကွေ့ပြီး မောင်းလာတဲ့ ၄၅ ကားကို စီးပြီး ရုံးကို လာခဲ့တယ်။

 
မနက်ခင်းပိုင်းမှာ ရုံးက အလုပ်တွေ လုပ်ပြီး ၊ အလုပ်ဆင်းတော့ အစာအိမ်ထဲမှာက တကြုတ်ကြုတ် မြည်အောင် နာနေတာပဲလေ။ တစ်ခုခု စားမှ ပဲ ဆိုပြီး ရုံးအပြန် လက်မှတ်ကို ထိုးပြီး ထွက်လာကတည်းက တစ်ခုခုစားဖို့ အတွက် စဉ်းစားနေခဲ့တယ်။ ဗိုက်ဆာလာပြီး ဆို အရင်ဆုံးသတိရတာက မုန့်ဟင်းခါး။ ဘယ်နေရာကိုရောက်ရောက် ဗိုက်ဆာလာလို့ အားတကိုးကြည့်မိတာက ကိုယ့် အတွက်တော့ မုန့်ဟင်းခါးပဲ။ မုန့်ဟင်းခါးဆိုင် တွေ့တာနဲ့ ၀င်ထိုင်ပြီး ၊ ဘူးသီးကြော် ၊ ဒါမှမဟုတ်ရင် အိုးဘဲဥ နဲ့  အငမ်းမရ စားမိတာပဲလေ။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို တွေးမိတယ်။ ငါ မုန့်ဟင်းခါးကြိုက်တဲ့ သူ တစ်ယောက်များလားပေါ့။ ဟုတ်တယ်လေ။ ကိုယ်ကိုယ်တိုင်က ဆာတာနဲ့ မုန့်ဟင်းခါးပဲ များသောအားဖြင့် စားမိတတ်တာကိုး။

ဒီနေ့တော့ မုန့်ဟင်းခါးဆိုင် တွေ့မိပေမယ့်။ မစားဖြစ်ဘူး။ အဲဒီဆိုင်ရှေ့ကနေ ကျော်လာခဲ့တယ်။ မုန့်ဟင်းခါးဆိုင်လေးက လမ်းမတော် ဆယ့်တစ်လမ်း ထိပ်က ကျော်လာခဲ့တဲ့ အခါ ပိတ်ထားတဲ့ ဆိုင်ခန်းရဲ့ သံပန်းတံခါး လှေကားရင်းမှာ ခုံတန်းပေါ်တင်ပြီး အဒေါ်ကြီး တစ်ယောက် ရောင်းတာပါ။ သူ့နောက်က ဆိုင်ခန်းကတော့ ပိတ်ထားတာ တော်တော်ကြာပြီလို့ ထင်ရတယ်။ အရှေ့ဘက် နည်းနည်းဆက်လျှောက်ရင်တော့ ကျောင်းတစ်ကျောင်းကို တွေ့ရလိမ့်မယ်။ အဲဒီ ကျောင်းက အထက်တန်းလား ၊ အလယ်တန်းလား တော့ ကိုယ် တစ်ခါမှ သတိမထားမိဘူး။

            မုန့်ဟင်းခါးဆိုင်မတိုင်ခင်မှာ ကိုယ်တို့ရုံးကလူတွေ သောက်နေကြ လက်ဖက်ရှည်ဆိုင်လေး ရှိတယ်။ အဲဒီဆိုင်လေးက တိုက်ခန်းနဲ့ အထဲမှာ ခုံပုတွေ ၊ ခုံလတ် လေးတွေ နဲ့ သပ်သပ်ရပ်ရပ်ပဲ။ ဒါပေမယ့် တစ်ချို့ကတော့ ဆိုင်ရှေ့က လူသွားလမ်း ကို ချန်ပြီး လမ်းမဘက် တိုးလို့ ပလပ်စတစ် ထိုင်ခုံပုလေးတွေ နဲ့ ထိုင်ကြတယ်။ ဆိုင်ရဲ့ မျက်နှာစာ ဘယ်ဘက်ထောင့်မှာတော့ သစ်ပင်ကြီးတစ်ပင် ကို အောက်ဘက်အခြေကို မြေကြီး နှစ်ပေပတ်လည်လောက်ချန်ပြီး အင်္ဂတေ နဲ့ အ၀ိုင်းပတ် လေး လုပ်ပေးထားတယ်။ တချို့သော နွေနေ့လည် ရက်တွေမှာတော့ အဲဒီ သစ်ပင်အခြေ က အင်္ဂတေ အ၀ိုင်းပတ် လေးပေါ်မှာ တချို့က လက်ဖက်ရည်ခွက်ကလေးတွေ ချ ၊ ရေနွေးအိုး ၊ စီးကရက်ဗူး စတာတွေ တင်ပြီး ၊ ဘေးက ခုံပုလေးတွေ နဲ့ ၀ိုင်းထိုင်ပြီး လက်ဖက်ရည်သောက်လေ့ရှိကြတယ်။ လက်ဖက်ရည် သောက်နေရင်း တချို့က ၊ အဲဒီ အင်္ဂတေ အ၀ိုင်းပတ်လေး ရဲ့ ဘေးမှာ တုန်တုန်ချိချိနဲ့ ကွမ်းရာတတ်တဲ့ ဦးဆံရှည် လို့ အများက ချစ်စနိုး နာမည် ပေးထားတဲ့ လူကြီး နဲ့ သူ့မိန်းမ ရောင်းတဲ့ ကွမ်းရာကို  ၀ယ်ရင်း၊ ၀ါးရင်း၊ ထွေးရင်းနဲ့ပေါ့။
ကိုယ် အဲဒီဆိုင်ရှေ့က ကျော်လာတယ်။ မုန့်ဟင်းခါးဆိုင်ရှေ့က ကျော်လာတယ်။ ရွှေပုစွန်မုန့်တိုက်ကို ကျော်လာတယ်။ လမ်းမက နေ့လည်ခင်းက နေပူထားတဲ့ အပူတွေကြောင့် အပူတွေ ပြန်လို့။ ကိုယ်ဝတ်ထားတဲ့ ကိုယ်ကျပ် စွပ်ကျယ်အောက်မှာ ချွေးစေးတွေ အနည်းငယ်ပြန်နေတာကို သတိပြုမိတယ်လေ။ ကိုယ့်လိုပဲ တခြားလူတွေ ကလည်း လမ်းဘေးမှာ အသီးသီးရပ်ထားတဲ့ ကားတွေ ဘေးကနေ ဟိုကနေ သည်ကို သွားလို့ လာလို့ရယ်။ မော်တင် နားရောက်တော့ ဟိုဘက်လမ်းကို လှမ်းကြည့်တယ်။ စားနေကျ ဖြစ်တဲ့ မြေအိုးမြီးရှည်ဆိုင်မှာ လူရှင်းလို့ရယ်။ စိတ်ထဲက မြေအိုးမြီးရှည် စားချင်ရဲ့လားလို့ တွေးမိတယ်။ စိတ်ထဲက စားချင်စိတ်မရှိဖြစ်နေမိတယ်လေ။ ကိုယ်တစ်ယောက်တည်း ဟိုငေးဒီငေး ဂျန်းရှင်းမော်တင်ရှေ့က အယ်လ်အီးဒီ တီဗွီကြီးကို လမ်းထောင့်မှာ မတ်တပ်ရပ်လို့ပဲ ငေးနေမိတယ်။ ဘယ်ဘက်က မီးပွိုင့်မှာတော့ မီးနီပြနေပြီး ၊ ညာဘက် လမ်းတကြောမှာတော့ မောင်းလာတဲ့ ကားတွေ လည်းရှင်းလို့ လမ်းဖြတ်ကူးဖို့ အဆင်ပြေနေပေမယ့် ကိုယ်တစ်ယောက်တည်း လမ်းမကူးနိုင်သေးပဲ ဆက်ပြီး မတ်တပ်ရပ်လို့ ငေးနေတယ်။


ဂျန်းရှင်းမော်တင်ထဲက ထွက်လာတဲ့ ယောက်ျား၊ မိန်းမ ရောင်စုံတွေ ကတော့ သူတို့လားရာ ကိုယ်စီကို ထွက်ခွာသွားကြပေါ့။ ဒီလိုနဲ့ လမ်းဖြတ်ကူးလာတော့ ဂျန်းရှင်းမော်တင်ရဲ့ ၀င်ပေါက် က အေးနေတဲ့ လေတွေက ကိုယ့်ကို ဆီးကြိုတယ်။ အပြင်မှာက ကိုယ်နင်းလျှောက်လာခဲ့တဲ့ မြေကြီးက အပူငွေ့တွေ ပြန်လို့ ၊ တစ်နေရာက နေ တစ်နေရာကို လှမ်းလိုက်တိုင်းမှာ လည်ပင်းအောက်ဘက် ကို အပူငွေ့က လာရိုက်တာကို ခံစားရတယ်။ အဲဒီလို ဖြတ်လျှောက်လာတဲ့ ကိုယ့်ကို လေအေးအေး နဲ့ တွေ့စေတော့ နည်းနည်းတွန့်ဆုတ်မိတယ်။ ကိုယ်ကိုယ်တိုင်က အပူချိန်သိပ်များတဲ့ နေရာကနေ သာမာန်အေးတဲ့ နေရာကိုရောက်ရင် တောင် နှာချေတတ်တာမျိုး ၀င်ပေါက်အပြင်ဘက်က နေရာလေးမှာ ခဏ ရပ်ပြီး အပေါ်စီးကနေ အမောဖြေရင်း၊ ဘေးဘက် မြင်ကွင်းတွေကို အသာလှမ်းကြည့်မိတယ်။
ညနေခင်းရောင်ခြည်တန်းက မော်တင်လမ်းဆုံ ကို မီးမောင်းထိုးပြထားသလို ရှိရဲ့လေ။ နေပူနေတဲ့ နေရာ လမ်းဆုံ တလျှောက်မှာတော့ ကားတွေ ဟိုသည် ကန့်လန့်ဖြတ် စီတန်းလို့ မောင်းနေလေရဲ့။ ညနေဘက်ထွက်တဲ့ လမ်းထောင့်နေရာက ညနေခင်း ထမင်းကြော်ဆိုင် ၊ လက်ဖက်သုပ်ဆိုင်တွေက တစ်ညတာ အလုပ်အတွက် လုပ်ငန်းခွင်စနေကြပြီ ။
အမောပြေတော့ ဂျန်းရှင်းမော်တင် ဈေးဝယ်စင်တာထဲက အီလက်ထရောနစ်လေပြေညှင်းကို ခံစားရင်း ကိုယ်တစ်ယောက်တည်း ယောင်လည်လည် လျှောက်လို့ပေါ့။ စီးတီးမတ်ဘက်ကို လျှောက်လာပြီး ၀င်ပေါက်ကနေ အထဲကိုလှမ်းဝင်ရင်း စာအုပ်စင်တွေ နားရောက်တော့ ဒီဇင်ဘာအတွက် ကြိုထုတ်မဂ္ဂဇင်းတွေက ကိုယ့်ကို လှမ်းခေါ်တယ်။ “ကဗျာဖတ်ပါဦး” ပြောတယ်။ တစ်ခါတစ်လေ စာအုပ်ဆိုင်တွေ ကိုရောက်သွားရင် မ၀ယ်ပဲ၊ မဂ္ဂဇင်းတွေထဲက ကဗျာလေးတွေ လှန်လှန်ပြီး မြည်းရတာ။ ဘာနဲ့ မှ လဲမရတဲ့ စိတ်ပျော်ရွှင်မှု လိုလိုပါပဲလား။

ကဗျာတွေမြည်းရင်း ကိုယ် ကဗျာမပို့ဖူးတဲ့ မဂ္ဂဇင်းတွေထဲက မဂ္ဂဇင်းလိပ်စာတွေကို ဖုန်းနဲ့ ဓါတ်ပုံရိုက်ယူပြီးတော့ ၊ အစားသောက်တန်းတွေ ဘက်က ကိုယ့်ကို ရနံ့တစ်ခုနဲ့ဆွဲဆောင်တယ်။ အမြင်တွေနဲ့ ညှို့ငင်တယ်။ အရောင်စုံ စင်တွေ ပေါ်က ကော်ဖီမှုန့်တွေက ကိုယ့်ကဗျာတွေလားကွယ်။ တရုတ်ကော်ဖီမှုန့်ဗူးလေး တစ်ဗူးဝယ်လိုက်တယ်။ ငွေရှင်းကောင်တာက ငွေရှင်းကက်ရှာပေါ်မှာ ကိုယ့်ရဲ့ တစ်ထောင်ကျော်တန် ကော်ဖီမှုန့်ဗူးလေး အခန့်သား။ ကိုယ့်ကဗျာတွေ ထဲ ထည့်ထည့်ရေးတတ်တဲ့ ဘလက်ကော်ဖီလေးတွေရယ် ဒီလိုနေ့ရက်တွေရောက်လာခဲ့တော့ ပျော်မိသား။ စိတ်ကူးထဲမှာ သံပုရာသီးစိမ်းဝါရောင်လေးတွေ က ရနံ့သိပ်မွှေးတယ်ကွယ်။


အရောင်းစာရင်းကိုင်မလေးတစ်ဦးဆီ ကိုယ် အမြင်တွေ ဝေ့၀ဲသွားလေရဲ့။ သံသရာမှာ ကိုယ်ငြိတွယ်နေတာတွေ အများသားကွယ်။ ဘယ်လိုပါလိမ့် စိတ်ကူးထဲက နူးညံ့မှုတွေ အရင်းခံအတိုင်း ကိုယ် အံ့သြမိတယ်။ မွှေးရနံ့ကုထုံး ဆိုတာ ကိုယ်ယုံတ၀က်မယုံတစ်ဝက်ပါပဲ။ လက်ထဲက ပိုက်ဆံ အရေအတွက်ကို အခါခါ စာရင်းတွက်မိနေတယ်။
ငယ်ငယ်တုန်းက ဆိုရင် အရုပ်ဆက်ကစားတဲ့ ကော်ပြားအရုပ်လေးကို ကိုယ်လိုချင်မိတာအမှန် အဲဒီတုန်းက အဲဒီအရုပ်ကလေးက ၃၈ ကျပ်လောက်ရှိမယ်။ အဲဒီအချိန်က ကိုယ့်မုန့်ဖိုးက တစ်နေ့မှ တစ်ကျပ်ရယ်။ အိမ်ကိုလည်း မပူဆာရဲဘူး။ကိုယ်တိုင်လည်း မ၀ယ်နိုင်ဘူး။ အဲဒီအရုပ်ကလေးကို ဘယ်လောက် စွဲလမ်းခဲ့သလဲဆိုရင် လမ်းထဲမှာ ကလေးတွေ ကော်စုတ်ကော်ပြတ်တွေ ၊ ဒန်တွေ ၊ စုပြီး ထောင်ပစ်တော့။ သူငယ်ချင်းတစ်ယောက်က သူ့ ရဲ့ အရုပ်ဆက်တဲ့ ဟာလေးပျက်သွားလို့ အဲဒီက အပိုင်းအစလေးထောင့်ကွက်ကလေးတွေကို ထောင်ပစ်တယ်။ ကိုယ်က နိုင်တဲ့ အခါ အဲဒီလေးထောင့်ကွက်ကလေးတွေကို သိမ်းထားမိတယ်။ တစ်ကယ်တမ်းတော့ အဲဒီလေးထောင့်ကွက် အပိုင်းလေးတွေက အရုပ်ပုံ တစ်ခုပြည့်အောင်လည်း မရှိပါဘူး။ အများဆုံး လေးငါးခုပေါ့။ အရုပ်တစ်ခုစာ ဆိုရင်တော့ ဆယ့်ငါးကွက် ၊ အကွက် နှစ်ဆယ် လောက်တော့ ရှိမယ် ထင်ရဲ့လေ။



အရင်ကတည်းက သွားရည်ယိုနေခဲ့ရတဲ့ ၊ မြုံ့ ပြီး အရသာ ခံချင်တဲ့ ချောကလက်ကို ကိုယ် မိမိရရဖမ်းဆုပ်နိုင်ခဲ့တယ်။
ချောကလက် ရဲ့  အရသာဟာ ချိုတယ်လည်း မဟုတ် ၊ ဆိမ့် တယ်လည်း မဟုတ်။ ချော့ကလက် အရသာ ကောင်းပြီ ဆို ဦးနှောက်ထဲထိကို ဆိမ့်နေတဲ့ အရသာ ၊ အာရုံကြောတွေ ထဲမှာ လာထိတဲ့ ခံစားမှု ၊ ဘယ်လိုပြောရမယ် မသိပါဘူးလေ။ချောကလက်ကို ကြိုက်တယ်။ချောကလက် ကို စားချင်ရဲ့ နဲ့ မစားခဲ့ ရတဲ့ ရက်ကလေးတွေ ကိုတော့ အားနာပါတယ်လေ။
မော်တင် လမ်းမ မှာ ခိုတွေ က ဓါတ်ကြိုးတွေပေါ်မှာ အုံနဲ့ ကျင်းနဲ့။ တစ်ခါတစ်လေ လူတွေ ကြားထဲ လာလာနားတတ်သေးရဲ့  ။ ဒီနားမှာ သူတို့အတွက် အစာပေါတယ်ထင်ပါ့။



ကျော်ညိုသွေး